လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ
ဟူသော သမ္ပတ္တိသုံးမျိုး၏ ဖြစ်ကြောင်း ကုသိုလ်ကောင်းမှုကို အယ-ဟုပါဠိလို ခေါ်သည်။
(တိဝိဓသမ္ပတ္တိယော အယန္တိ ဂစ္ဆန္တိ ပ၀တ္တန္တိ
ဧတေနာတိ အယော-ကို ဘာသာပြန်ခြင်းဖြစ်သည်)။ အယတော+အပဂတော အပါယော၊ ကောင်းမှုမှကင်းသော
(ကုသိုလ်ကောင်းမှုတို့ကိုပြုခွင့်များစွာ မရ၊ အကုသိုလ် တွေသာ များပြားလှသော) ဘုံဌာနကို
အပါယ-အပါယ်ဘုံဟု ခေါ်သည်။
အပါယ်လေးဘုံဟူသည် (၁) ငရဲ၊ (၂) တိရိစ္ဆာန်
(၃) ပြိတ္တာ (၄) အသုရကာယ်ဟု လေးမျိုးရှိသည်။
ငရဲခန်း
ချမ်းသာသုခ နည်းနည်းမျှ မရှိသောကြောင့်
နိရယ-နိရဲ- ငရဲ-ဟုခေါ်ဝေါ်ကြသည်။ ထိုငရဲကား သဉ္ဖိုဝ်း ကာဠ သံဃာတနှင့် ရောရုဝနှစ် တာပန်နှစ်
တွက်စစ် အ၀ီစိ- ဟုရှစ်ထပ်ရှိ၏။ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးဝယ် အောက်
တစ်သိန်းနှစ်သောင်းမှာ ကျောက်မြေဖြစ်၍ အထက် တစ်သိန်း နှစ်သောင်းသာလျှင် ပကတိမြေသား
ဖြစ်သတဲ့။ အထက်မြေသား အတွင်း၌ ထိုငရဲကြီးရှစ်ထပ် တည်ရှိနေရကား တထပ်နှင့် တထပ်အကွာဝေး
မှာ (တသိန်းနှစ်သောင်းကို ရှစ်ဖြင့်စား၍) ယူဇနာ တစ်သောင်း ငါးထောင်စီ ကွာဝေးသတဲ့။
ဆိုလိုရင်ကား လူ့ပြည်မှ ယူဇနာ တစ်သောင်း
ငါးထောင်ဝေးသော အရပ်၌ သဉ္ဖိုဝ်း ငရဲတည်ရှိ၏။
ထိုနောက် ယူဇနာ တစ်သောင်း ငါးထောင်ဝေးသော
အရပ်၌ ကာဠသုတ် ငရဲတည်ရှိ၏။
ဤသို့စသည်ဖြင့် တစ်ထပ်နှင့် တစ်ထပ် ယူဇနာ
တစ်သောင်းငါးထောင်စီ ဝေးသည် ဟူလို။
ယမမင်း
စာတုမဟာရာဇ်နတ်တို့တွင် အပါအ၀င်ဖြစ်သော
ဝေမာနိကပြိတ္တာမင်းကိုပင် ယမမင်း ဟုခေါ်၏။ တခါတရံ နတ်စည်းစိမ်ခံစား၍ တစ်ခါတလေမှာမူ မကောင်းမှုကံအကျိုးကို
(ရိုးရိုးပြိတ္တာများကဲ့သို) ခံစားရရှာသေး၏။ ထိုယမင်းကား တစ်ယောက်သာမက အများအပြား ပင်ရှိလေသည်။
လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဖက် ၌ရုံးစိုက်ကြပြီးလျှင်
ငရဲသို့ရောက်လာသော သူများကို စစ်ဆေးမေးမြန်းကြ၏။
သို့သော် ငရဲသို့ ရောက်လာသောသူတိုင်း အစစ်ဆေးခံရသည်မဟုတ်။ အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှား
သူတို့မှာ တခါတည်း ငရဲသို့ ကျကုန်၏။ အကုသိုလ်နည်းပါး သူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့်
ယမမင်းထံ အစစ်ဆေးခံခွင် ရကြပေသည်။ ထို ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်၊
လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်သာ
ဖြစ်သည်။
ငရဲထိန်း
ဤငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး
အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။
ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော
အကုသိုလ်ဖြင့် ကျရောက် လာသော သူများကို ယမမင်းထံသို့ပို့ခြင်း၊ ငရဲသို့ရောက်ပြီးသူများကို
လက်မရွံ့အာဏာသားတို့ ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ်ရိုက်နက်ခြင်း ပင်တည်း။
ငရဲမီးစသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော
ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်ကြရကား ငရဲခံရမည့် သူများ၌သာပူလောင်၍ ထိုငရဲထိန်းတို့၌ မပူလောင်ချေ။
ယမင်းစစ်တမ်း
အများကြားဖူးနားဝရှိအောင် ဒေ၀ဒူတသုတ်ပါဠိတော်လာ
ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်မျှပြဦးမည်။
လူ့ပြည်မှာ ရှိနေသော (၁) ကလေး (၂) သူအို
(၃) သူနာ (၄) သူသေ (၅) အကျဉ်းသမား ဤငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်နှင့်
အလားတူသောကြောင့် ဒေ၀ဒူတ-ဟုခေါ်ဝေါ်ရသည်။ (ဒေ၀-ယမမင်း၊ ဒူတ-တမန်းတော်)။ ယမမင်းသည် မိမိထံမှောက်သို့ရောက်လာသော
ငရဲသားများကို ဒေ၀ဒူတ ငါးမျိုးကို ဖေါ်ပြလျက် စစ်ဆေးလေ့ရှိသည်။
ယမမင်း။ ။ မောင်မင်း- လူ့ပြည်မှာတုန်းက
ကျင်းကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော
ကလေးများကို မတွေ့ဘူးခဲ့ဘူးလား?
ငရဲသား။ ။ တွေ့ ခဲ့ဘူးပါသည်ဘုရား
ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ရောက်တဲ့အခါ
ထိုကလေးများကို ကြည့်ရှု့၍ ငါသည် ဘာမှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်အခါ
ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနှယ်က ကိုယ်နှုတ်
စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှတော်မည်-ဟု အကြံအစည်းများ မဖြစ်ခဲ့ဘူးလား
မောင်မင်း။
ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက်
ကုသိုလ်ကောင်းမှုကို စိတ်မ၀င်စားမိခဲ့ပါ။
ယမမင်း။ ။ မောင်မင်း- မကောင်းမှုကို ဆွေးမျိုး
ဉာတကာ ဆရာမိဘ စသူတို့ က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သမျှ အပြစ်ဒဏ်ကို
မေ့လျော့သူတို့ ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။
ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း
သူအိုကို ညွှန်ပြ၍ ဒုတိယ တစ်ကြိမ်မေး၏။ သူနာကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏။ သူသေကိုညွှန်၍
စတုတ္ထ တစ်ကြိမ်၊ အကျဉ်းသမားကို ညွှန်၍ ပဉ္စမ တစ်ကြိမ် မေး၏။ ငါးကြိမ်တိုင်းအောင် မေး၍
ကုသိုလ်ကောင်းမှု ကို သတိမရသေးလျှင် ယမမင်းကိုတိုင် ထိုသူ၏ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား
ဟုစဉ်းစား၏။ စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖေါ်၍ ဖြစ်စေ၊ မိမိက ဘာသာသတိရ၍ ဖြစ်စေ ကုသိုလ်ကို
သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်။ ထိုနေရာမျိုးကျမှ
မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှာသည်။ ယမမင်း စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။
ထိုအခါ ငရဲသားကို ငရဲထိန်းတို့ယူဆောင် လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်၊။
(ထို့ ကြောင့် ကုသိုလ်ပြုသောအခါ ယမမင်းအား
အမျှဝေသင့်သည်)၊
တိရိစ္ဆာန်ဘုံ။ တိရော အဉ္စန္တီတိ တိရစ္ဆာနာ-
ဖီလာ၊ အလျားလိုက်သွားတက်သောကြောင်း၊ တိရိစ္ဆာန်ခေါ်သည်။ လူနတ်တို့ကဲ့သို့ မတ်မတ်မသွားဘဲ
အလျားလိုက်တက်သော သတ္တ၀ါများဖြစ်သည်။ သူတို့အတွက် ဘုံသီးခြားမရှိ။ တိရိစ္ဆာန်အများစု
စုဝေးနေထိုင်ရာ အရပ်ကိုပင် တိရိစ္ဆာန်ဘုံ-ဟု ခေါ်စမှတ်ပြုရသည်။ ထိုတိရိစ္ဆာန်များကား ကုန်း၌နေသော
သားကောင်အမျိုးမျိုး ငှက်အမျိုးမျိုး မြွေစသော သတ္တ၀ါးများနှင့် ရေ၌နေသော ငါးလိပ်စသော
သတ္တ၀ါများတည်း။
ပြိတ္တာဘုံ။ ။ သုခသမုဿယတော ပကဋ္ဌံ ဧန္တီတိ
ပေတာ- သုခအပေါင်းမှ ဝေးသောအရပ်သို့ ရောက်သောသတ္တ၀ါများကို ပြိတ္တာ-ဟုခေါ်သည်။ ဘုံသီးခြားမရှိ။
ပြိတ္တာတို့ နေရာဖြစ်သော တော၊ တောင်၊ မြစ်ချောင်း၊ သုဿာန်စသော အရပ်များကိုပင် ပြိတ္တာဘုံ-ဟုခေါ်ရသည်။
ဤပြိတ္တာများကား တစ္ဆေ၊ မှင်စာ၊ သူရဲ၊ ဘီးလူမှ စ၍အမျိုးမျိုးရှိ၏။ နှစ်ပေါင်းများစွာ
မစားရ မသောက်ရ အချို့ မှာ လူများ၏ ထမင်းလုံး၊ ဟင်းပေါက်၊ သလိပ်၊ ချွဲ၊ တံထွေး၊ မစင်
စသည်တို့ ကိုသာစားသောက်ရသည်။
အသုရကာယ်။ ။ အသုရာဟူသည် ပြိတ္တာမျိုးပင်
ဖြစ်၏။ အသုရာအပေါင်း၏ နေရာအရပ်ကိုပင် အသုရကာယ်ဘုံဟု ခေါ်သည်။ ထိုအသုရာတို့သည်၊ သမုဒ္ဒရာ
ဂင်္ဂါမြစ်ကမ်း စသည်၌ နေတက်ကြ၏။ အင်မတန် မွတ်သိပ်ဆာလောင် ကြသည်။ တချို့ သုရာတို့မှာ ဘုရားနှစ်ဆူ
သုံးဆူ ပွင့်သော်လည်း တစ်ကြိမ်မျှ မစား မသောက်ကြရလေကုန်။
အသုရာအမျိုးမျိုး။ ။ ဤပြိတ္တာအသုရာအပြင်
အသုရာအမည်ရသော အခြားအမျိုးအစား လည်းရှိသေး၏။ (၁) မြင်းမိုရ်တောင်အောက်၌ နေသော နတ်များ၊
(၂) ဘုမ္မစိုးနတ်ကြီးများ ကိုမှီခိုကပ်ရပ်လျက် ဣဒ္ဓိပါဒ်နုံ့နဲ့လှသော နတ်ကလေးများ၊ (၃)
တစ်ခါတစ်ခါ နတ်ကဲ့သို့စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများ၊
(၄) လောကန္တရိတ်ငရဲများ။
10:54 AM
Share:
0 comments: